Pages

====================================

Tuesday, November 5, 2013

မန္တလေးဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်မောင်ဟန် နှင့် တွေ့ဆုံခြင်း


““ဆေးတက္ကသိုလ်တစ်ခုရဲ့ အဓိကရည်မှန်းချက်က အရည်အချင်းရှိတဲ့ အခြေခံ ဆရာဝန်တွေနဲ့ ဘွဲ့လွန်ဆရာဝန်တွေ မွေးထုတ်ပေးရေးပါပဲ””

ဆေးတ္ကသိုလ်ပါမောက္ခချုပ်တစ်ဦးအနေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ စီစဉ်ထားတာတွေကို သိချင်ပါတယ်။
ဆေးတက္ကသိုလ်တစ်ခုရဲ့ အဓိကရည်မှန်းချက်က အရည်အချင်းရှိတဲ့ အခြေခံ ဆရာဝန်တွေနဲ့ ဘွဲ့လွန်ဆရာဝန်တွေ မွေးထုတ်ပေးရေးပါပဲ။ အဓိကကတော့ တက္ကသိုလ်ရဲ့ အဆောက်အဦးနဲ့နောက်တစ်ခုက အထူးသဖြင့် သင်ကြားရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲလုပ်ဆောင်ရေးတွေပါ။


အဆောက်အဦးပိုင်းလည်း ပြင်ဆင်တည်ဆောင်ဖို့ ရှိတယ်။ သင်ကြားနေရတ့ ကျောင်းသားတွေအနေနဲ့ စိတ်ချမ်းသာစွာနဲ့ သင်ကြားနိုင်ရေးပေါ့။ ဥပမာ အခန်းဟာ လေ၀င်လေထွက်ကောင်းရမယ်။ အလင်းရောင်ရရမယ်။ အဲယားကွန်း မဖြစ်နိုင်သေးရင် ပန်ကာလောက်တော့ ရှိရမယ်။ ရှေ့က ဆရာတွေသင်တာ ကြားနိုင်ရမယ်။ စာသင်ခုံ နိမ့်လျောပုံစံနဲ့ သင်ကြားပေးတာမျိုးပေါ့။ ကျောင်းသားတွေနားနေဖို့ ထိုင်စရာခုံတွေ သန့်စင်ခန်းတွေလည်း လုပ်နေပါတယ်။ စာကြည့်တိုက်၊ အင်တာနက်တွေလည်း ထပ်မံပြင်ဆင်နေတယ်။ မီး၊ ရေ ပြည့်စုံဖို့လည်း လုပ်နေပါတယ်။ သင်ကြားရေးဆရာတွေရော၊ သင်တာကို ပံ့ပိုးပေးတဲ့ ၀န်ထမ်းတွေရော တက်ညီလက်ညီလုပ်မှ အောင်မြင်မှာပါ။ ဆရာဖြစ်တဲ့ ဆရာဝန်တွေကရော စာသင်ရဲ့လား။ လေ့လာပို့ချနိုင်ရဲ့လား ၊ ဒါတွေလည်း စောင့်ကြည့်နေပါတယ်။ အရေးကြီးတာကတော့ တက္ကသိုလ်တိုင်းမှာ လိုအပ်တဲ့ သုတေသန လုပ်ငန်းပေါ့။ နိုင်ငံတကာ စာစောင်တွေမှာရော ဘယ်လောက်ထိရေးနိုင်သလဲ။ ဒါဟာ တက္ကသိုလ်ရဲ့ ပုံရိပ်ပါပဲ။ အဲဒီအပိုင်းမှာ အားနည်းနေတော့ ဖြည့်ဆည်းနေပါတယ်။ ဘွဲ့လွန်ကျောင်းသားတွေ သုတေသနလုပ်ကြရပါတယ်။ အဲဒီသုတေသနတွေ လုပ်နိုင်ဖို့ အဆင့်မြင့်မဟုတ်ပေမယ့် ထိုက်သင့်တဲ့ ပစ္စည်းတွေ ပံ့ပိုးပေးထားပါတယ်။

ဆေးကျောင်းတက်နေတဲ့ ကျောင်းသားတွေ ကျောင်းထွက်ရတဲ့ပမာဏ များပြားမှုအပေါ် ဘယ်လိုထိန်းသိမ်းလုပ်ဆောင်မယ်ဆိုတာမျိုး သိချင်ပါတယ်။
ပထမဆုံးအရေးကြီးတာက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို သိဖို့လိုတယ်။ ခေါင်းဆောင်အဖြစ်လုပ်သူက အဲလိုအခြေနေမှန် သိဖို့လိုပါတယ်။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ခြောက်နှစ်ကြာပါတယ်။ အရင်က ငါးနှစ်ပါ။ ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ အရင်စာသင်နှစ်ကာလ တစ်နှစ်ကနေ အခု တစ်နှစ်ခွဲတိုးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရတာတွေ ရှိနိုင်ပါတယ်။ ဒီအခြေအနေက အလွန်အရေးကြီးပါတယ်။ နောက်ဆုံးနှစ်လိုဟာမျိုး အလုပ်သင်ဆရာဝန်လို အခြေအနေမျိုး ထိရောက်တာတောင် ကျောင်းထွက်ရတာမျိုးဖြစ်နိုင်ပါတယ်။ ပထမနှစ်မှာ စာမေးပွဲနှစ်ခါကျရင် ထွက်ရမယ်။ အခြားစာသင်နှစ်မှာ သုံးခါကျရင်ထွက်ရတယ်။ ပထမနှစ်စာမေးပွဲမှာ ကျထားတာ အခုဆို (၁၃၇) ဦးတောင်ရှိတယ်။ ဘယ်လောက်များတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။ သူတို့နောက်တစ်ခါ ထပ်ကျရင် ကျောင်းထွက်ရတော့မယ်။ သူတို့မိဘတွေက ဆေးတက္ကသိုလ်ရောက်အောင် အရင်းအနှီးများစွာနဲ့ အားထုတ်ခဲ့ရတယ်။ အဲဒီတစ်နှစ်ကျ ကျောင်းသားတွေနဲ့ သူတို့မိဘတွေ ခေါ်တွေ့ပြီး ပြီ။ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်ဖို့ နှစ်ခုလိုတယ်။ ပထမက ကျောင်းခေါ်ကြိမ်ပြည့်ရမယ်။ ၇၅% ကျောင်းခေါ်ကြိမ်မပြည့်ရင် စာမေးပွဲ မဖြေရဘူး။ ကျောင်းခေါ်ကြိမ်ပြည့်တယ်။ စာမရရင် မအောင်ဘူး။ ကလေးတွေက ဆယ်တန်းမှာ ထူးချွန်လို့ ဆေးတက္ကသိုလ်ရောက်လာတာ။ ဆယ်တန်းတုန်းက မိဘနဲ့ဆရာ တွန်းအားကြောင့် အမှတ်တွေကောင်းခဲ့တယ်။ တစ်ချို့မိဘတွေကလည်း ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်ပြီဆိုတော့ ပံ့ပိုးတာ အားနည်းသွားတယ်။ ပထမနှစ်ကျောင်းသားတွေက ၁၆ နှစ်အရွယ်တွေ၊ မရင့်ကျက်သေးဘူး။ မတွေ့ထိဘူးတဲ့ အပျော်အပါးတွေ နောက် ပါသွားတာမျိုးတွေဖြစ်တယ်။ နယ်ကျောင်းသားတွေဆို အပြင်ဆောင်မှာ နေကြရတယ်။ တက္ကသိုလ်မှာက ကိုယ့်အားကိုယ် ကိုးရတယ်။ တစ်ချို့ ကျောင်းပျက်တယ်။ အဲဒီနောက် စာမလိုက်နိုင်တော့ဘူး။ ဆေးပညာက စာများပြီး ခက်ခဲတယ်။ ကျောင်းမတက် စာနားမလည်တော့ စာမေးပွဲအောင်ဖို့ ခက်သွားတာပေါ့။ အဲဒီစာမေးပွဲ တစ်နှစ်ကျထားတဲ့ ကလေးတွေကို အချိန်ပို ပြန်သင်ပေးနေတယ်။ ဒါတောင် တစ်ချို့က လာမတက်ကြဘူး။ မိဘတွေကိုလည်း ခေါ်ရှင်းပြထား၇တယ်။
အဓိကကတော့ ကျောင်းသားတွေရဲ့ ခံယူချက်ပါပဲ။ ကျောင်းလာတာ စာတတ်ဖို့မဟုတ်ဘဲ ကျောင်းခေါ်ကြိမ် ပြည့်ဖို့လာတာမျိုးတွေပေါ့။ မှားနေတာက ခံယူချက်ပါ။ ဟောပြောပွဲတွေ လုပ်ပေးတယ်။ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးပေးတယ်။ မှားနေတဲ့ ခံယူချက်တွေ ပြင်ပေးနေရတယ်။

ကျောင်းသားမိဘတွေက ဆေးတက္ကသိုလ်ကို အတင်းပို့တာကလည်း ပြသနာတစ်ရပ်လို့ ဆိုနိုင်ပါသလား။
ဒါကလည်း ထည့်သွင်းစဉ်းစားရတဲ့ အချက်ပါ။ ဆရာဝန်ဟာ ဘ၀အာမခံချက် အရှိဆုံးဖြစ်တယ်။ ဂုဏ်အရှိဆုံး။ ဒီတော့ မိဘတွေက ဇွတ်ပို့လို့ ရောက်လာတာတွေ ရှိတယ်။ အပျော်အပါးတွေနဲ့ အခြားအကြောင်း တွေကြောင့် လမ်းကြောင်းပြောင်းသွားတာတွေလည်း ရှိတယ်။ ကျောင်းသားတွေ တက္ကသိုလ်ကို ကျောခိုင်းမသွားရေးဟာလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ပြောင်းလဲကျင့်သုံးနေတဲ့ ပညာရေးစနစ်မျိုးရော ရှိပါသလား။
ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ထိရောက်တဲ့ သင်ကြားရေးရှိဖို့ လိုအပ်တယ်။ သင်ကြားရေးစနစ်က ပြောင်းနေပြီ။ စာမေးပွဲအောင်ရုံနဲ့ မပြီးဘူး။ စာမေးပွဲအောင်ပြီး အပြင်မှာ အဆင်မပြေတာတွေ ကြားနေ၇တယ်။ အောင်ပြီးအဆင်မပြေရင်လည်း သင်ကြားရေးမှာ ပြသနာရှိနေပြီ။ အရည်အချင်းမရှိရင် ၊ သင်ကြားရေး အားနည်းတာတွေ ရှိလို့ပေါ့။ အရည်အချင်းရှိသော အခြေခံ ဆရာဝန်တွေ ဖြစ်ရေးအတွက် သင်ကြားရေး ပြောင်းနေပါတယ်။ စာသင်နှစ် ငါးနှစ်ကနေ ခြောက်နှစ်ဆိုတာမျိုး တိုးလာတယ်။ အလုပ်သင်ဆင်းတာနဲ့ဆိုရင် ခုနစ်နှစ်ပေါ့။ အခု ပြောင်းလဲနေတဲ့ စနစ်ရဲ့ ရလာဒ်ကို ခုချက်ခြင်း မသိသာပေမယ့် နောင် လေးငါးခြောက်နှစ်မှာ သိသာမှာပါ။

သင်ကြားရေး ဆရာဝန်တွေအပေါ် ဘယ်လိုလေ့ကျင့်ပေးတာမျိုးတွေ လုပ်ဆောင်ပေးပါသလဲ။
ဆရာတွေကိုလည်း လေ့ကျင့်သင်ကြားပေးနေပါတယ်။ သူတို့နားလည်မှ ပြန်ပြီးသင်ကြားပေးနိုင်မှာပါ။ ဒီတော့ သင်ကြားရေးဆရာတွေနဲ့လည်း အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ စနစ်ပြောင်းလဲနေပါတယ်။ ကျောင်းသားဦးရေလည်း လျော့ချလိုက်တယ်။ တစ်နိုင်ငံလုံး အရင် ၂၄၀၀ ခေါ်ရာကနေ အခုနှစ်မှာ ၁၂၀၀ပဲခေါ်တယ်။ ကျောင်းသားဦးရေနဲ့ ဆရာဦးရေ အခုတော့ မျှတသွားပါပြီ။ နောင်မှာ သင်ကြားရေးဆရာတွေလည်း ပိုများလာနိုင်ပါတယ်။ လူနာဘေးမှာ သင်ကြားတဲ့ဦးရေဆို နိုင်ငံတကာမှာ ငါးယောက်လောက်ပဲ သင်ပေမယ့် အခု အယောက်လေးဆယ်လောက် သင်နေရတာမျိုးတွေ ဖြစ်လာလို့ပါ။ ကျောင်းသားဦးရေ လျော့လိုက်တော့ အရည်အသွေးတွေလည်း တက်လာနိုင်ပါတယ်။

ပါမောက္ခချုပ်တစ်ယောက်အနေနဲ့ လက်စွဲထားခဲ့တဲ့ ခံယူချက်။ ဆောင်ပုဒ်တွေ ရှိရင်လည်းသိချင်ပါတယ်။
ဆရာဝန်လောကမှာ စေတနာနဲ့ ၀ီရိယ လိုပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ၀ီရိယက အရေးကြီးပါတယ်။ အားထုတ်ပြီး ဖတ်မှတ်လေ့လာနေမှ ဆေးပညာ တိုးတက်တာပါ။ အခြားဘာသာရပ်တွေဖြစ်တဲ့ သိပ္ပံပညာလို ဥာဏ်ပညာ ထက်မြက်ရုံနဲ့ အောင်မြင်တဲ့ ပညာရပ်မျိုးမဟုတ်ပါဘူး။ ၀ီရိယ အားစိုက်ထုတ်ဖို့ လိုပါတယ်။
အတွဲ-၂၊ အမှတ် -၂၄ ၊ မြနန္ဒါဂျာနယ် မှ ကူးယူဖော်ပြပါသည်။
တွေ့ဆုံမေးမြန်းသူ-မင်းဒင်(မန်း)

0 comments:

Post a Comment